ပျော်ရွှင်ခြမ်းမြေ့ကြပါစေ။........

ရင်ဆိုင်တိုက်ပွဲ တို့ဆင်နွဲစို့

ဖေဖော်ဝါရီ ၁၁၊ ၂၀၁၀
စောကျော်ခွီး

နိုင်ငံတကာရောက် မဟာမိတ်အဖွဲ့များနှင့် အထူးသဖြင့်ကရင်များခင်ဗျ..........
မိမိတို့ရောက်ရာတိုင်းပြည်နိုင်ငံများကနေပြီး ယခုလက်ရှိဖြစ်ပေါ်နေသော နအဖဗမာစစ်တပ်တို့၏ တိုင်းရင်းသားကရင်တို့အပေါ် လူမျိုးတုန်းသတ်ဖြတ်နေမှုများ၊ နယ်မြေစိုးမိုးရေးအတွက် ကရင်ကျေးရွာများ၊ အိုးအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးနေမှုများ၊ တိုင်းရင်းသူများအား လိုင်စင်ရ မှုဒိန်းမှုများဆင့်ပွားကျူးလွန်နေမှုများ ရပ်တန်းကရပ်ရန် ဖိအားပေးကြဖို့ နိုင်ငံတကာနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့အားကျယ်ကျယ်လောင်လောင် အသိပေးဆော်သြသင့်ပြီ။


နိုင်ငံတကာနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတို ၏စစ်မှန်သော ဝိုင်းဝန်းထောက်ခံမှုနှင့် လေးနက်သော ဖိအားပေးမှုများ လက်တွေ့ကျကျလိုက်ပါလာကြစေရန်အလို့ငှာ မိမိတို့ရောက်ရာနိုင်ငံ၊ မြို့ရွာများမှ ပြိုင်တူအုံကြွပြီး ဆိုင်ရာ နိုင်ငံတွင်ရှိသော နိုင်ငံခြားရေး ဝန်ကြီးရုံး၊ မြန်မာသံရုံး၊ထိုင်းသံရုံး၊ တရုတ်၊ ရုရှား၊ အိန္ဒိယသံရုံးတို့ကို မိမိတို့လိုအပ်ချက်များအား ဆန္ဒပြတောင်းဆိုတိုက်ပွဲဝင်သင့်တယ်။

မြန်မာပြည်အရှေ့ဖက်ခြမ်းရှိ ဒုက္ခသည်များအား ပြန်မပို့ရန်နှင့် ထိုင်းနိုင်ငံရှိဒုက္ခသည်စခန်းများတွင် ဒုက္ခသည်အဖြစ် နေထိုင်ခိုလှုံခွင့်ပေးရန် ထိုင်းသံရုံးမှတဆင့် ထိုင်းဘုရင်မင်းမြတ်ထံသို့ အသနားခံစာများရေးပို့ကြရန် အထူးလိုအပ်ပါတယ်။
ဒီမိုကရေစီနှင့် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ကြရေးကို ရှေးရှုအကောင်အထည်ဖော်သောအနေနဲ့ ဒီမိုကရေစီနှင့် တိုင်းရင်းသားမဟာမိတ်များက မြန်မာပြည်အရှေ့ဖက်အခြမ်းရှိကရင်တိုင်းရင်းသားများ၊ ဒုက္ခသည်များအရေးတွင် အတူတကွ ပူးတွဲပြီး ကမ္ဘာသို့အရေးဆိုကြရန် အပူတပြင်းလုပ်ဆောင်သင့်ပြီ။

(၈၈)အရေးအခင်းမှာ ဝုန်းကနဲအုံကြွ မီးထတောက်ခဲ့ပြီး၊ ရွှေဝါရောင်တော်လှန်ရေးမှာလဲ ဝုန်းကနဲ အုံကြွ မီးထတောက်ပြန်ပြီးပြီ။ ကျုပ်တို့ရဲ့ အမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ဟာ ကောက်ရိုးမီးလို လောင်မြန်၊ ငြိမ်းမြန်သည့်နှယ်ဖြစ်စေမှာလား။
သူတို့လုပ်နေတဲ့ စစ်အာဏာရှင်တည်မြဲရေးအတွက် တိုင်းရင်းသားတွေအပေါ် လူမျိုးတုံး သတ်ဖြတ်နေမှုများကို ဆက်မလုပ်နိုင်စေရန်နှင့် အဲဒီ လူမျိုးကြီးဝါဒကို အခြေခံတဲ့စစ်အာဏာရှင်စနစ် ကျဆုံးစေဖို့ တတ်အားသရွေ့ ဝိုင်းဝန်းလုပ်ဆောက်ကြပါစို့။