ပျော်ရွှင်ခြမ်းမြေ့ကြပါစေ။........

လူလုလူးသံသရာ

လူလုလူးသံသရာ
လူသားမိဘက
သန္ဓေစခဲ့တော့၊ လူပေါ့။

တစစ
အရွယ်ရခဲ့တော့
ဖြူတဲ့သဘော၊ မည်းတဲ့သဘော။
ကောင်းတဲ့သဘော၊ ဆိုးတဲ့သဘော
မြင့်တဲ့သဘော၊ နိမ့်တဲ့သဘော
ရောထွေးနေတဲ့လောကကြီးမှာ
ဖြူတာကမည်း၊ မည်းတာကဖြူ
ကောင်းရာကဆိုး၊ ဆိုးရာကကောင်း
မြင့်ရာကနိမ့်၊ နိမ့်ရာကမြင့်အောင်
လှုပ်ရှားရင်း၊ ဆောင်ရွက်ရင်း
ရုန်းကန်ခြင်း ဘဝအတွက်
အလုအယက် လုပ်ရင်းလုပ်ရင်း
တရားခြင်းနဲ့ မတရားခြင်းလည်းမသိ
အသိဥာဏ် နတ္ထိ၊ ဆင်ခြင်တုံတရားလည်း မရှိတော့
မွေးစက လူဟာ
ဆန္ဒရဲ့နောက်ကွယ်မှာ
"လု"လို့အမည်ပြောင်းရမလိုဖြစ်လာတာပေါ့။

လုလို့ရတဲ့လူက
မြင့်တဲ့သဘောလို့ ယူဆကြပေမယ့်
တကယ်တော့ သုခမျာ
လောဘ၊ ဒေါသ ပင်လယ်ထဲမှာ
ပိုင်ဆိုင်မှုများစွာ
စိုးရိမ်မှု ကုဋေ၊ ကုဋာ
ကူးကာ၊ လူးခါနေနေရတာပေါ့။

အလုခံရတဲ့လူက
နိမ့်တဲ့သဘောဆိုရင်
တကယ်စောကြောကြည့်တော့လည်း
သူ့ခမျာ သောကပင်လယ်ထဲမှာ
ပိုင်ဆိုင်မှုနတ္ထိ၊ ကြောက်ရွံ့မှုအပြည့်
ဒေါသအပြည့်၊ ဒုက္ခဆူးတွေအပြည့်နဲ့
လူးနေတာပါဘဲ။

အဲဒီတော့.....
လူကလေ လုနေရင်း
အလုခံနေရရင်း၊ လူးနေရတာမို့
လူကို လူးလို့ခေါ်ရမလို။

မွေးတုန်းကဆို အဖြူ
အပြစ်ကင်းတဲ့ပန်းလေးနဲ့တူ
အညွန့်တလူလူ..."လူ"။

ခု.....
အပူအပင်တွေနဲ့
လုရင်းလူးရင်း
ခတ်ရင်းကူးရင်း၊ နစ်ရင်းမြောရင်း
စုန်ရင်း ဆန်ရင်း
ရင့်...ယဉ်...ရင်း။

ဟိုယခင်မွေးစကလို လူဖြစ်ဖို့
ယဉ်ကျေးတဲ့သူဖြစ်ဖို့
ရင့်ကျက်တဲ့သူဖြစ်ဖို့
စစ်မှန်တဲ့စိတ်ဓါတ်အရင်းအမြစ်နဲ့
ကောင်းအောင်ကြိုးရင်း၊ ရိုးစင်းဖြူစင်တဲ့သူ
ဟန်မူအစစ်နဲ့ပြန်လူဖြစ်ဖို့ပေါ့။
(မယ်လရွှေမြင့်)

မှတ်ချက်။ ။(ဘူးညွန်၊ ကန်စွန်းညွန့်၊ ဖရုံညွန်ညွန့် သုံးညွန့်ပေါင်းမှကျပ်မပြည့်သူများအတွက် ကျုပ်တို့မြန်မာ့အရပ်ဓလေ့နဲ့
ဖတ်ဟေ့၊ဖတ်ဟေ့လို့သာရေးစပ်လိုက်ပါရစေ။)
ခက်ဆစ်။ ။ဘူးညွန်း=နှာဘူးကျတဲ့လူ၊ ကန်စွန်းညွန့်=ကန်လိုက်တော့မှ အစွန်းရောက်အောင် မိုက်ပြတဲ့လူ၊
ဖရုံညွန့်=ဖခမည်းတော်ကြီးကိုယုံကြည်ကိုးကွယ်သလိုနဲ့ မပုံရဲ့တ့လူ