ပျော်ရွှင်ခြမ်းမြေ့ကြပါစေ။........

“ပညာရဲရင့် သော်လည်း---------"

ဒီနေ့ကျွန်တော် အရင်က ရေးခဲ့သော စာစီစာကုံးစာအုပ်လေးကို တွေ့မိ၏။ စာအုပ်ကို ဖတ်မိသောအခါ အတိတ်ကို သတိရမိသည်။ “ပညာရဲရင့်ပွဲလယ်တင့်”။
သို့သော် ကျွန်တော်ပြန်၍ စဉ်းစားမိပြန်၏။ ကျွန်တော့်စာလေးကို ဖတ်လိုက် ၊ စဉ်းစားလိုက်နဲ့ တစ်ဝေ့လည်လည်ရှိနေ၏။ ကျွန်တော် ယခင်က “ပညာရဲရင့် ပွဲလည်တင့်” ကို သစ္စာဟုဆိုခဲ့သည်။ အမြဲတမ်းမှန်ကန်သော နိယာမဟု ထင်ခဲ့သည်။ ထို့ပြင် ပညာရဲရင့်ပွဲလည်တင့်သူပေါင်းများစွာကို ဥပမာပြ၍ သက်သေထူခဲ့သည်။
ယနေ့စဉ်းစားမိသည်ကား ထိုသို့မဟုတ်တော့။ အာခိမိဒိကို လူတိုင်းသိမည်ဟု ထင်ပါသည်။ အာခိမိဒိသည် မှန်ဘီလူးများဖြင့် အလင်းကိုစုကာ ရန်သူ့သင်္ဘောကို မီးလောင်စေခဲ့သည်။ ထိုစဉ်က သူ့ကို မှော်ဆရာဟု သတ်မှတ်ခဲ့သည်။ ထို့ပြင် သိပ္ပံပညာတွင် “ကမ္ဘာလုံးသည်” ဟုပြော၍ အသတ်ခံရသည့် ပညာရှင်ပေါင်းများစွာရှိပါသည်။ ထို့ပြင် “ကမ္ဘာက နေကို ပတ်နေသည် “ ဆိုသော စကားကို ပြောဆိုသည့် သူများအကျဉ်းချခံရသည်ကို သမိုင်းတွင်တွေ့ရမည် ဖြစ်ပါသည်။ ထို့ပြင် ဘာသာရေးကို စဉ်းစားကြည့်ကြပါ။ ယေရှုသခင်ကို သင်တို့သိကြမှာပါ။ ယေရှုသည် လူအချင်းချင်း မေတ္တာထားရန် ဟောပြောခဲ့သည်။ ထို့ကြောင့် လူတို့က သူ့ကို ကြိုးစင်တင်၍ သေဒဏ်ပေးခဲ့သည်။ ထို့ပြင် ဗုဒ္ဓကို ကြည့်ပါ။ ဗုဒ္ဓသည် ဘုရားမဖြစ်ခင် သိဒ္ဓတ္ထ မင်းသားဘ၀တွင် အဘယ်သို့စဉ်းစားခဲ့သနည်း။ သိဒ္ဓတ္ထသည်” လောကတွင် သေခြင်းရှိလျှင် မသေခြင်းရှိသည် “ ဟု စဉ်းစားခဲ့သည်။ ထိုစဉ်က မည်သူလက်ခံပါသနည်း။ အားလုံးက သိဒ္ဓတ္ထ၏ အယူအဆကို လက်မခံ။ သို့သော် သိဒ္ဓတ္ထသည် မသေခြင်းကို အမှန်တစ်ကယ်တွေ့ရှိခဲ့သည်။ ဤကား နိဗ္ဗာန် တည်း။

အထက်ပါ ပုဂ္ဂိုလ် များကို ကြည့်ပါ။ ထိုသူတို့သည် ပညာရှိများဖြစ်ပါသည်။ အဘယ်ကြောင့် ထိုခေတ်က လူများက ပညာရှိဟု မသတ်မှတ်ခဲ့သနည်။ ထိုသူတို့သည် ပညာရဲရင့် ပွဲလယ်မတင့်ခဲ့။ သူတို့ခေတ်က လူများက သူတို့ကို လက်မခံ။ ဆက်လက်၍ လောကနီတိပါ စာပုဒ်တစ်ခုကို ဖော်ပြပါမည်။
“ ကျီးတို့၏ အလယ်၌ ဗျိုင်းသည် မတင့်တယ်”
“ လူမိုက်တို့၏ အလယ်၌ ပညာရှိသည် မတင့်တယ်”
` ထိုသူတို့ကား လူမိုက်တို့၏အလယ်တွင် ပညာရှိဖြစ်ခဲ့ခြင်းလော။ ဖြစ်နိုင်ပါသည်။ သို့သော် တရားသေတော့မဟုတ်။” ပညာရဲရင့် ပွဲလယ် မတင်”့ ခဲ့သည့် အကြောင်းအချက် နှစ်ခုရှိနိုင်ပါသည်။
၁။ ထိုသူ ပြောဆိုသည့် အကြောင်းအရာကို နားထောင်သူတို့က ဥာဏ်မမှီခြင်း
၂။ ထိုသူ ကိုယ်တိုင်က လူပိန်းများ နားလည်စေရန် ရှင်းလင်းစွာ မပြောနိုင်ခြင်း တို့ဖြစ်သည်။
ပထမ တစ်ချက်သည် အဘယ်ကြောင့်ဖြစ်ရသနည်း။ လူတို့၏ သဘာဝသည် မိမိတို့လက်မခံနိုင်သော အယူအဆတစ်ခုကို လာရောက်ပြောဆိုသောအခါ စဉ်းစားမှုမပြုဘဲ လွယ်လွယ်ငြင်းဆိုတတ်ကြသည်။ လူတို့သည် စဉ်းစားသည်ထားဦးစို့ မိမိနားလည်မှု မရှိလျှင် စိုးစဉ်းမျှ ကြိုးးစားမှု မပြုဘဲ လာရောက်ပြောဆိုသူကို အရူး(သို့) အပေါ ဟူ၍ပြောဆိုကြ၏။ ထိုကြောင့် ကျွန်တော်တစ်ခုပြောလိုပါသည်။ လူတစ်ယောက်က မိမိအယူအဆကို လာရောက်ပြောဆိုသောအခါ သူ့ရှုထောင့်မှ ၀င်ရောက်စဉ်းစားကြည့်ပါ။ ပြီးလျှင် ချင့်ချိန်စဉ်းစားကြည့်ပါ။ မိမိအယူအဆနှင့်မတူလျှင် ပြစ်ပယ်တတ်သည့်အလေ့ကို ဖျောက်ပါ။ ထိုသို့လုပ်ဆောင်လျှင် သင်သည်တစ်ပါးသူ၏ အတွေးအခေါ်ကို မှန်လား ၊ မှားလား ဆုံးဖြတ်နိုင်သည့်သူ ဖြစ်ပါလိမ့်မည်။ အကယ်၍ ပြောသူ၏ အယူအဆမှာ မှားလျှင်အဘယ်ကြောင့် မှားသနည်းဆိုသည်ကို ကျိုးကြောင်းပြ၍ ပြောဆိုပါ။ ထိုသို့မဟုတ်ဘဲ လွယ်လွယ်နှင့် အယူအဆကို ပြစ်ပယ်ပါက ထိုသူက မိမိအပေါ် စိတ်ခုသွားအံ့။
နောက်ဆုံးတစ်ခုပြောလိုသည်မှာ ပညာရှိလုပ်နည်းဖြစ်ပါသည်။ လက်ရှိပညာရှိဟု သတ်မှတ်ထားသူ အများစုမှာ လူပိန်းများကို နားလည်အောင်ပြောဆိုနိုင်သူများသာဖြစ်ပါသည်။ သင်သည် ပညာရပ်တစ်ခု၌ အမှန်တစ်ကယ် ကျွမ်းကျင်စေကာမူ ပညာရှိဟု သတ်မှတ်ခြင်းမခံရနိုင်။ လူပိန်းတို့အား နားလည်စွာရှင်းပြနိုင်ရမည်။ ထိုမှသာ သင်သည် ပညာရှိဟု သတ်မှတ်ခံရပေလိမ့်မည်။ ထိုသို့ မရှင်းနိုင်လျှင် သင့်ကို အများက အရူးဟု သတ်မှတ်ပေအံ့။
မှတ်ချက်
၁။ ကျွန်တော်သည် မြန်မာစကားပုံများကို တိုက်ခိုက်ခြင်းမဟုတ်ပါ။ စဉ်းစားသုံးသပ်ရုံမျှသာ ဖြစ်ပါသည်။
၂။ ကျွန်တော်ရေးသားသော စာကို ချင်ချိန်စဉ်းစားသုံးသပ်ကြည့်ပါ။ ကျွန်တော့် အယူအဆ မှားနေခြင်းလည်း ဖြစ်နိုင်ပါသည်။
daboedway