ပျော်ရွှင်ခြမ်းမြေ့ကြပါစေ။........

ဒုက္ခသည်၏သုခဘုံ

စားချင်နေသား ဟင်းလျာများကို
ဝမ်းတစ်ထွာက စားမရတာ
ပီဘိဒုက္ခပါ/


ပြောချင်နေသားစကားတစ်ခွန်း
နှုတ်ကဖွင့်ဟပြောမရတာ
ပီဘိဒုက္ခပါ။




ဆောင်ချင်နေငြား ကြိုးစီးပွားကို
အများကိုယ့်တွက် မရွက်နိုင်တာ
ပီဘိဒုက္ခပါ။


နေချင်နေငြား နှလုံးသားက
အေးငြိမ်းချမ်းမြ နေမရတာ
ပီဘိဒုက္ခပါ။


စားချင်နေသား ဟင်းလျာများကို
ဝမ်းတထွာက စားလိုက်ရတာ
ပီတိသုခပါ။


ပြောချင်နေသား စကားတစ်ခွန်း
နှုတ်ကဖွင့်ဟပြောလိုက်ရတာ
ပီတိသုခပါ။


ဆောင်ချင်နေငြား ကြိုးစီးပွားကို
အများကိုယ့်တွက် ဆောင်ရွက်နိုင်တာ
ပီတိသုခပါ။


နေချင်နေငြား နှလုံးသားက
ချမ်းငြိမ်းမြမြ နေလိုက်ရတာ
ပီတိသုခပါ။



စားစရာ၊ နေစရာ
ပြောစရာ၊ သွားစရာ
ဘာဆိုဘာမျှ၊ နှလုံးသားက
လုပ်မရရှာ ဒုက္ခသည်ပါ။


စားစရာ၊ နေစရာ
ပြောစရာ၊ သွားစရာ
အားလုံးနီးမျှ၊ နှလုံးသားက
လုပ်လိုက်နိုင်တာ သုခသည်ပါ။


သုခနဲ့ ဒုက္ခကြား
ဗျာများသတ္တဝါ
ဒုက္ခထွေထွေပေါင်းစုဝေးရာ
ကျနော်တို့ဒုက္ခသည်ပါ။


ဒုက္ခလွန်မြောက်၊ သုခရောက်ဖို့
ကျနော်တို့ရဲ့၊ ဖြူဖြူလွလွ
တင့်တင့်တယ်တယ် တောင်ပံလွှာအလှတွေနှင့်
ရဲရဲရင့်ရင့်၊ လွတ်လွတ်လပ်လပ်
မရပ်မနားတဖျတ်ဖျတ်။


သုခဘုံပန်းတိုင်သို့
အဆက်မပြတ်ပျံသန်းကြပါစို့လား။


(မယ်လရွှေမြင့်)